Monday, April 23, 2012

ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး

ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး
စိန်သံလုံး

ဟိုးရှေးရှေးတုန်းက မဟုတ်ပါ။ ယနေ့ခေတ် ယခုခေတ် တခါတုန်းက ဖြစ်ပါသည်။ ဘ၀ရှင်မင်းတြားကြီးနှင့် သူ့သားတပည့် အမတ်ကြီး မောင်ကာလုံတို့ အပြန်အလှန် ဆွေးနွေးမှုများကို ပလ္လင်ပေါ်က ဆင်း၍ သလွန်ညောင်စောင်းပေါ်တွင် ပက်လက်ကလေး လှဲလျောင်းနေသည့် မြင်ကွင်းတခုအဖြစ် မျက်စိထဲတွင် မြင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

မင်းတြားကြီး ။     ။ ဟဲ့ မောင်ကာလုံရဲ့ (NLD) အမျိုးသားဒီမိုကရေစီအမတ်တွေ ဧပြီ ၂၃ မှာ ပြန်စတဲ့ လွှတ်တော် မတက်ကြဘူးဆို ... ဟုတ်ပါ့မလား မောင်ကာလုံရဲ့။
မောင်ကာလုံ ။     ။ ဟုတ်ပါ့ မှန်ပါ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး။

မင်းတြားကြီး ။     ။ ဘာဖြစ်ရပြန်တာတုန်းကွဲ့ မောင်ကာလုံရဲ့။
မောင်ကာလုံ ။     ။ ဖြစ်ကြောင်းရယ် ကုန်စင်အောင် လျှောက်ထားရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတာကြီးကို ကျမ်းမကျိန်နိုင်ဘူးတဲ့၊ ပြင်ပေးစေလိုတာက လေးစားလိုက်နာပါမည်လို့ ပြင်မှ လွှတ်တော်ထဲဝင်ပြီး ကျမ်းကျိန်မယ်လို့ ပြောကြပါတယ်။

မင်းတြားကြီး ။     ။ တယ်လည်း ခက်သကိုး။ ရှင်းတာကို ရှုပ်အောင်လုပ်တတ်တဲ့ ငါ့ရဲ့တပည့် တွေကလည်း ခပ်ကဲကဲ။ NLD ရွေးချယ်ခံအမတ်တွေကလည်း ခပ်သဲသဲဆိုတော့ သဲသဲမဲမဲ ဖြစ်ကြပြီပေါ့။ တကယ်ဆို ဒါလေးများ ဘာခက်တာမှတ်လို့။ ကမ္ဘာအေး သွား၊ ဘာမီတွန်သောက် ... ပျောက်။
မောင်ကာလုံ ။     ။ ဆင်ခြင်တော်မူပါ ဘ၀ရှင်မင်းတြားကြီး။ ခုကိစ္စက ဘာမီတွန်နဲ့ မရတော့ပါဘူး။ နှာစေးနေတာ ကြာပြီဆိုတော့ နှာခေါင်းကို ကျည်ပွေ့နဲ့ ထောင်းရမယ့်ကိန်းဆိုက်နေပါပြီ။ မင်းတြားကြီးရဲ့ တပည့်တွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးပြီးကတည်းက ဟိုတချိန်က (ပေါက်စ) ရေးခဲ့သလို လိပ်ဖြစ်ရင်တောင် ခေါင်းမပြူရဲတော့ပါဘူး။ ခုကိစ္စက မင်းတြားကြီးရဲ့အမိန့်ကို စောင့်နေတာပါ။ ခေါင်းဆောင်ကြီး ဦးတိန်းလိန်လည်း ဘာပြောရမှန်းမသိလို့ တေမိဇတ်ခင်းနေတာပါ။

မင်းတြားကြီး ။     ။ တော်တော်လည်း ခက်သကိုး။ နော်ဝေက ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်ပြီ၊ သြစတြေးလျကလည်း ပိတ်ဆို့မှုတွေ လျော့ချနေပြီ၊ G8 ကလည်း ပိတ်ဆို့မှုတွေ လျှော့ချဖို့ စဉ်းစားနေပြီ၊ EU ကလည်း ဆိုင်းငံ့လုပ်ပေးထားပြီဆိုတော့ ငါတို့ ထင်ရာလုပ်လို့ရနေပြီ။ ဒါပေမယ့် ငါတို့ရဲ့ မူမမှန်မှု၊ မသမာမှု၊ ကတိမတည်မှုတွေကြောင့် နောက်ထပ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုတော့ ထည့်တွက်ရမှာပေါ့။ ငါ ဘာပဲလုပ်လုပ် တိန်းလိန်ကို ခေါင်းခံခိုင်းမယ်။ မင်းတို့က ငါ့ကို သစ္စာမဖောက်ဖို့ဘဲ အရေးကြီးတယ်။
မောင်ကာလုံ ။     ။ မင်းတြားကြီးရဲ့ သစ္စာကို အသက်နဲ့လဲပြီး ခံယူပြီးသားပါ။ မင်းတြားကြီး အနေချောင်အောင် ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်၊ စောင့်ရှောက်ပါ့မယ်။ အဲဒီဖွဲ့စည်းပုံထဲမှာ မင်းတြားကြီးရဲ့ အသက်ဘူး ထည့်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် မင်းတြားကြီး ကံတော်ကုန်ဖို့ပဲ ရှိတယ်။ ကမ္ဘာကတောင် ပြောကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးတဲ့။ သွားလေသူ စစ်အာဏာရှင်တွေအတွက် ကာကွယ်ဖို့ လုပ်ထားတာလည်း အပြည်ပြည်ဆိုင်ရာက သိကြပါတယ်။ ဘယ်သူ ဘာပြောပြော ၁၄ နှစ်ကြာအောင် ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ၊ ဉာဏ်ဝါ၊ ဉာဏ်ကာလာစုံ ကွန့်မြူးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် အရင်က ညစ်ထား ညှစ်ထားတဲ့ ထောက်ခံမဲတွေ၊ မဲလိမ် မဲခိုးမှုတွေနဲ့ မသမာမှုတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းကာကွယ်ဖို့လည်း ခက်ပါသေးတယ်။

မင်းတြားကြီး ။     ။ ဟေ့ ... ဟေ့ အဲဒါတွေ ထုတ်မပြောနဲ့၊ အနားမှာ မီဒီယာတွေ ရှိတယ်။ သူတို့က ကလောင်စွမ်းထက်တယ်နော်။ အရင်က ကိစ္စတွေရှိစေတော့ ... ရှိစေတော့၊ ခုကိစ္စကိုပဲ ပြော၊ တိုင်းပြည်မှာ ဘာဖြစ်နေကြလဲ။
မောင်ကာလုံ ။     ။ မှန်လှပါ၊ တိုင်းပြည်မှာတော့ လယ်သိမ်းယာသိမ်းမှုတွေ များများလာလို့ လယ်သမားတွေ ဒုက္ခရောက်နေကြတယ်၊ တချို့ လယ်ယာမြေတွေကို စီမံကိန်းအကြောင်းပြပြီး ကုမ္ပဏီပိုင်ရှင် သူဌေးတွေနဲ့ ပေါင်းလုပ် ပေါင်းစား လုပ်နေတာတွေလည်း ဖုံးမရ ဖိမရ ပေါ်ကုန်ပါပြီ။ မင်းတြားကြီးပဲ ပြောခဲ့တာ ပေါင်းစားရင် အရိုးမစူးဘူးဆို ...။

မင်းတြားကြီး ။     ။ ဟဲ့ ... အဲဒါက ငါးသလောက်ပေါင်းကို ပေါင်းစားတာ ပြောတာ။ သူဌေးတွေနဲ့ ပေါင်းတိုင်း မကောင်းဘူးကွ။ သူတို့က ခုဆို တ၀က်ရမှ ပေါင်းချင်ကြတာ။ ငါတို့ကလည်း အကုန်နီးပါး လိုချင်တာလေ။ မွေးစားသား နှစ်ယောက်တောင် ခပ်ကန်ကန် ဖြစ်နေကြပြီ။ လေထနဲ့ ဂေါ်ဂေါ်တို့နှစ်ယောက် မလာကြပါလား။
မောင်ကာလုံ ။     ။ လာကြပါတယ်၊ ဒါပေမယ့် အမေစုနား ကပ်ဖားကြဖို့ အချိန်တွေ ပေးနေရလို့ပါ။ မင်းတြားကြီးရဲ့ သမီးတော်တွေတောင် အဆီခန်းစ ပြုနေပါပြီ။ အရင်ကလို ၀၀လင်လင် မစားရတော့ဘူးဆိုတော့ စည်းစိမ်ပြုတ်ပြီး အဆီမရစ်နိုင်တော့ဘူးလေ။ အရင်တုန်းက မင်းတြားကြီး တိုင်းခန်းလှည့်ရင် သက်ဆိုင်ရာ မြို့ရွာတွေကို တာဝန်ယူရတဲ့ တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက သူတို့ ယူသမျှ လိုက်ရှင်းကြရတာ။ မန္တလေးမှာဆို တိုင်းမှူးက ချက်ချင်း မရှင်းနိုင်လို့ သမီးတော်တွေ လာတယ်ကြားရင် ရွှေဆိုင်တွေ ပိတ်ထားကြတယ်ဆိုပဲ။ တော်တော်ပဲ မျိုးချစ်စိတ်မရှိတဲ့ ဆိုင်ရှင်တွေ၊ မင်းတြားကြီးရဲ့ သမီးတော်တွေ စီးပွားဖြစ်ယူကြတာကို မုဒိတာမပွားနိုင်ဘူး။ တခါလာမှ သိန်းရာချီ ယူတာကိုများ - ဒါလေးများ ... ဒါလေးများလို့ သီချင်းဆိုကြပေါ့နော်။

မင်းတြားကြီး ။     ။ ငါ့ရဲ့သမီးတွေကလည်း လွန်ပါတယ်။ စိန်ဆိုစိန်၊ ဂိန်ဆိုဂိန်၊ စိန်စီတဲ့ည၊ စိန်စီတဲ့ မင်္ဂလာပွဲ၊ စိန်တွေနဲ့ လည်ပင်းအစ်နေကြတာတောင် မက်ကြတုန်း။ ငါကိုယ်တော် နိုင်ငံခြားသွားရင်လည်း သမီးတွေ၊ မြေးတွေ၊ ဆွေတော်မျိုးတော်တွေနဲ့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း သွားကြတာ။ တိုင်းပြည်ဘဏ္ဍာ ဘယ်လောက်ကုန်ကုန်၊ ကြွေးတွေ ဘယ်လောက်တင်တင်၊ နောက်ကိစ္စ တိန်းလိန် တာဝန် ယူလိမ့်မယ်၊ အရေးကြီးတာက ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ ငါ့ဆွေမျိုးတွေ ကောင်းစားဖို့က အဓိကပဲ။
မောင်ကာလုံ ။    ။ ဆင်ခြင်တော်မူပါ၊ တိုင်းပြည်မှာလည်း ကျန်းမာရေး၊ ပညာရေးအတွက် ငွေနည်းနည်းပဲ ချပေးပြီး၊ ကာကွယ်ရေးအတွက် ကျူးကျော်စစ်မတိုက်ရပဲ မတရား ပိုယူလို့ ပူညံညံ ဖြစ်နေပါပြီ။ ဆင်ဆင်ခြင်ခြင်နဲ့ ထင်ရာမလုပ်ဖို့ လျှောက်တင်ပါတယ်။

မင်းတြားကြီး ။     ။ သယ် ... ငါကိုယ်တော်မြတ်ကို ဆရာလာမလုပ်နဲ့။ ငါထင်ရာ လုပ်ခဲ့တာ ၂၃ နှစ်ကျော်ပြီ။ မသေခင် ရိက္ခာယူရမှာပဲ ... ဟဲ  ဟဲ  ဟဲ၊ ကဲ ကဲ တိုင်းပြည်က ငါ့ကို ဘာပြောကြသေးလဲ။ မောင်မင်း သိသလောက် ပြောစမ်း။
မောင်ကာလုံ ။     ။ အများက ပြောကြတာက မင်းတြားကြီး အာဏာမက်နေတုန်းလားတဲ့။ နှစ် ၂၀ ကျော် တိုင်းပြည်ဘဏ္ဍာတွေ သယံဇာတတွေ ထင်သလိုသုံး ထင်သလိုဘုံး၊ စာရင်းမရှိ အင်းမရှိ၊ လုပ်ချင်တိုင်း လုပ်နေကြတာ မမှန်မကန်မှုတွေကို ပြည်သူတွေက သိနေကြလို့ တော်ပါတော့ တန်ပါတော့လို့ ပြောနေကြတာတွေဟာ နားမဆန့်အောင် ဖြစ်နေပါပြီ။

မင်းတြားကြီး ။     ။ ဟုတ်ပါ့မလား မောင်ကာလုံရဲ့။
မောင်ကာလုံ ။     ။ ဟုတ်ပ ... ဟုတ်ပ၊ ဒီထက်ပိုသေး ...။

စိန်သံလုံး

5 comments:

ငါးမင်းဆွေရဲ့ အဖေ,ရရှားစစ်ခွေးတွေရဲ့ ပထွေးတော် said...

Very very good ,!.!

Unknown said...

ဖတ်ရတာ အလွန်သဘောကျပါသည်..ဆက်လက်ရေးနိုင်ပါစေ၊

Shar phoe hi said...

ကောင်းလိုက်တဲ့စိတ်ကူးဗျာ
ရွှေချထားဖို့ကောင်းတယ်။
များများရေးနိုင်ပါစေ။

Kyi said...

သမ္မတကြီး…..ဟီး…ဟီး……ဦးသိန်းစိန်နဲ့ အစိုးရအသစ်စက်စက်ကြီးရဲ့ ပြုပြင်ပြောင်းလဲလိုမှုတွေကို
အားပါးတရလက်ခုပ်တီးခဲ့ကြသူတွေ။ သတိလက်မလွတ်ဖို့အကြံပေးခဲ့ကြသူတွေကို ရန်စွယ်ငေါငေါတုန့်ပြန် ခဲ့ကြသူတွေ။ ဘယ်နားမှာသွားပုန်းနေကြလဲ။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ။
ပြောကြပါအုံး။

Unknown said...

The Hot News ဂျာနယ် မှာ ပညာရေးဆောင်းပါးတွေ
ရေးနေတဲ့ ပစ်တိုင်းထောင် ဆိုတာက အရင်အစိုးရလက်ထက်က ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး
ဦးအောင်မျိုးမင်းဆိုတာသိကြသလားဗျာ..ဦးရွှေမန်းကြီး
ကတောင်ခေါ်ပြီး မင်းလက်ဝှေ့ထိုးစားမှာလားလို့အပြစ်
တင်ခံရပြီး ပညာရေးလောကမှာနာမည်ဆိုးနဲ့ကျော်ကြား
ပြီးဌာနတွင်း မည်သူနှင့်မျှအဆင်မပြေသည့် လူ့ဂွစာတစ်ဦး
ကမြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲဖို့အတွက်ဆောင်း
ပါးတွေရေးနေတာတွေမြင်ရတော့...ဟုတ်ပါ့မလား မောင်
ကာလုရဲ့ လို့မေးလိုက်ချင်ပါတယ်ဗျာ....